ကင်ဆာရောဂါရှင်တွေ နွေရာသီကို ဘယ်လိုဖြတ်ကျော်ကြမလဲ
နွေရာသီရဲ့အပူဒဏ်ဟာ ကျန်းမာနေတဲ့ လူတွေအတွက်တောင် စိတ်ပန်းလူနွမ်း ဖြစ်ရတဲ့အရာပါ။ ကင်ဆာလို ရောဂါဆိုးကြီးကို ခံစားနေရသူတွေအတွက်ကတော့ ပိုဆိုးပါတယ်။ ရောဂါဒဏ်ကတစ်မျိုး၊ အပူဒဏ်ကတစ်မျိုးနဲ့ စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်မသွားရအောင် ကြိုးစားနေထိုင်နိုင်ဖို့ အရေးကြီးလှပါတယ်။
ဒါကြောင့် ကင်ဆာရောဂါရှင်တွေ နွေရာသီကို ဘယ်လို ဖြတ်ကျော်သင့်သလဲဆိုတာကို ပြောပြပေးပါမယ်။
💧ရေဓာတ်ပြည့်ဝဖို့ ဂရုစိုက်ပါ
ကင်ဆာရောဂါရှင်တွေအတွက် အဓိက ပြဿနာက ရေဓာတ်ခမ်းခြောက်နိုင်တာပါ။ ရောဂါဒဏ်ကြောင့်ရော၊ ကင်ဆာဆေးသွင်းနေရရင် ဆေးဒဏ်ကြောင့်ရော ပါးစပ်ပျက်နေတာ၊ စားချင်သောက်ချင်စိတ် လျော့နည်းနေတာ၊ ဝမ်းသွားတာနဲ့ ပျို့အန်တာမျိုးကြောင့် ရေဓာတ်လုံလောက်စွာ မရဘဲ ဖြစ်နေတတ်ပါတယ်။
ရေဓာတ်ဟာ အာဟာရတွေနဲ့ အောက်ဆီဂျင်ကို ခန္ဓာကိုယ်က ဆဲလ်တွေဆီ သယ်ဆောင်ဖို့၊ အဆစ်အမြစ်တွေ ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးဖို့၊ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းညှိပေးဖို့၊ အညစ်အကြေးတွေကို ကျောက်ကပ်ကတဆင့် ဆီးထဲကနေ စွန့်ထုတ်ပေးဖို့ လုပ်ဆောင်ပါတယ်။ ရေဓာတ်ပြည့်ဝစွာ ရှိနေမှသာ ကင်ဆာဆေးသွင်းချိန်မှာ ဆေးတွေကို ကျောက်ကပ်ကတဆင့် စွန့်ထုတ်ရာမှာ အဆင်ပြေနိုင်မှာပါ။
ဒါကြောင့် ရေများများသောက်ဖို့ လိုတဲ့အပြင် ရေချည်းပဲ မသောက်နိုင်ရင် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်၊ Detox Water စသဖြင့် သောက်လို့ ရပါတယ်။
☀ကင်ဆာဆေးသွင်းနေချိန်မှာ အပူမလွန်အောင် ဂရုပြုပါ
ကင်ဆာရောဂါရှင်တွေအဖို့ နေ့စဥ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အတန်အသင့်လုပ်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် ရာသီဥတု ပူပြင်းနေတဲ့ အချိန်တွေမှာ (မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း) လေ့ကျင့်ခန်းတွေ မလုပ်ဘဲ အေးတဲ့နေရာတွေမှာသာ နေသင့်ပါတယ်။
ခန္ဓာကိုယ် အပူချိန်ကို လျှော့ချနိုင်အောင် ရေများများသောက်သင့်သလို ရေချိုးတာ၊ အဲယားကွန်း ဖွင့်ထားတာ၊ အပူချိန်အရမ်းများလာရင် ရေပတ်တိုက်တာမျိုးဖြင့် အပူချိန်ကို လျှော့ချပါ။
🏊 ဖြစ်နိုင်ရင် ရေမကူးပါနဲ့
ပူနေတဲ့အခါ ရေကူးချင်တာ၊ ရေစိမ်ချင်တာတော့ ဖြစ်မှာပါပဲ။ တချို့သော ဓာတ်ရောင်ခြည် ကုသမှုတွေဟာ ရေကူးကန်ထဲမှာ ထည့်ထားတဲ့ ကလိုရင်းနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။ အကယ်၍ ခေါင်းနဲ့ လည်ပင်းကို ဓာတ်ရောင်ခြည် ပေးရတယ်ဆိုရင် ခေါင်းနဲ့လည်ပင်းကို ရေမစိုစေဘဲ ရေစိမ်နေလို့ ရပါတယ်။
ကင်ဆာရောဂါကြောင့် ကိုယ်ခံအားနည်းနေတဲ့အခါ လူပေါင်းစုံ ဝင်ထွက်ထားတဲ့ ရေကူးကန်ကတဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ခြေလည်း ရှိပါတယ်။ အထူးသဖြင့် အရေပြားမှာ ပွန်းရာရှရာ၊ ဒဏ်ရာရှိနေရင် ပိုပြီး သတိထားဖို့ လိုပါတယ်။
📢 အပူလွန်ကဲရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကို ဂရုတစိုက် စောင့်ကြည့်ပါ
ကင်ဆာ ကုသမှုတွေက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပါတယ်။ ရေဓာတ်လုံလောက်အောင် ပြန်မဖြည့်နိုင်ရင် ခန္ဓာကိုယ်အပူချိန် လွန်ကဲပြီး အပူသင်တုန်းဖြတ်နိုင်ခြေ ရှိပါတယ်။ ချွေးအလွန်အမင်းထွက်တာ၊ ဖြူဖျော့လာတာ၊ ကြွက်တက်တာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ အန်တာ၊ ကယောင်ကတမ်းပြောတာ၊ နှလုံးခုန်နှုန်းမြန်လာတာ၊ ကိုယ်အပူချိန်က ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လာတာဆိုရင် ရေဓာတ်ပြန်ဖြည့်ပေးဖို့နဲ့ ခန္ဓာကိုယ်အပူချိန်ကျဖို့ ချက်ချင်း လုပ်ဆောင်ပါ။
ကင်ဆာရောဂါရှင်တွေဟာ သာမန်လူတွေထက် ရေဓာတ်ခမ်းခြောက်နိုင်ခြေ များတာမို့ အပူဒဏ်ကို ပိုခံရတတ်တာပါ။ ရေများများသောက်ခြင်း၊ အာဟာရဖြစ်အောင်၊ ကိုယ်ခံအားကောင်းအောင် အသီးအရွက်တွေ များများစားခြင်း၊ အပူနည်းတဲ့အချိန် မနက်စောစောနဲ့ ညဦးပိုင်းမှာ လေ့ကျင့်ခန်း အတန်အသင့်လုပ်ခြင်းဖြင့် နွေရာသီကို မပင်မပန်းဘဲ ဖြတ်ကျော်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်